Friday, August 30, 2019

တတိယအရွယ်နှင့် မျက်စိ ဝေဒနာများ.

Related image
အသက် ၄၀ ခန့် အရွယ်မှ စတင်သော တတိယ အရွယ်၌ အထွေထွေ ကျန်းမာရေး အားနည်းချက် များကို ကြုံတွေ့ ကြရသည့်နည်းတူ မျက်စိအားနည်းမှုများကိုလည်း 
မလွဲမသွေ ခံစားကြရမည် ဖြစ်သည်။ 
 ထိုသို့ကြုံတွေ့ ရမည့် အခြေအနေ
များကို သိရှိကြခြင်း အားဖြင့် ဆောင်ရန်နှင့် ရှောင်ရန် အချက်အလက်များကို သဘောပေါက် နားလည်ကြလျက် အကျိုးများကြ စေခြင်းအလို့ငှာ ဤဆောင်းပါးကို
 ရေးသားတင်ပြ ရခြင်းဖြစ်သည်။ 
 အရွယ်လွန်ချိန်၌ ကြုံတွေ့ ကြရလေ့ရှိသည့် မျက်စိ ဝေဒနာ
များကို အောက်ပါအတိုင်း ယေဘုယျအားဖြင့် တွေ့ရပါမည်။ 

 ၁။ အနီးမှုန်ခြင်း (Presbyopia)  
၂။ အတွင်းတိမ်ဖြစ်ခြင်း (Cataract) 
၃။ ရေတိမ်ဖြစ်ခြင်း (Glaucoma) 
၎။ မြင်လွှာရှိ မက်ကျူလာအားနည်းခြင်း 
(Agerelated Macular Degeneration - AMD)
၅။ သက်ကြီးရောဂါ များကြောင့် အမြင်အာရုံ ချို့ယွင်းခြင်း 
(Age-related Diseases and Vision) တို့ဖြစ်၏။ 

၁။ အနီးမှုန်ခြင်း (Presbyopia)
လူတိုင်းလူတိုင်း အသက် ၄၀ အရွယ်တွင် အနီးကြည့် မှုန်လာသည်။ အနီးကြည့် ဟူသော အကွာအဝေးမှာ ၁၂ လက်မမှ ၁၄ လက်မခန့် အကွာအဝေး (စာရေးစားပွဲပေါ်တွင် စာအုပ်တင်၍ ကြည့်ရှုသော အကွာအဝေး) ပင်ဖြစ်သည်။ ဤအရွယ်၌ စာမဖတ်နိုင်အောင် လုံးဝမှုန်သွားခြင်းမျိုး မဟုတ်ဘဲ စာရေးနိုင်ရုံမျှ ၊ လက်မှတ်ထိုးရုံမျှ အမြင်အာရုံက ရှိနေပါသေး သည်။

သို့ရာတွင် ဆောင်းပါးတစ်ပုဒ်မျှကို ဖတ်သောအခါ တဖြည်းဖြည်း မှုန်လာသည်ကို တွေ့ရမည်ဖြစ်သည်။ အသက် ၄၅ နှစ်နှင့် 
အသက် ၅၀တွင် မျက်မှန် တပ်၍ကြည့်မှ မြင်ရသည့်အဆင့်သို့ ရောက်လာမည် ဖြစ်သည်။ အနီးကြည့် အသုံးနည်းသော သူများသည် စာဖတ်၍လုံးဝ မရတော့သည့် အခြေအနေ ရောက်မှ သတိထားမိပြီး အထိတ်တလန့် ဖြစ်ကြသည် များလည်း ရှိသည်။

 ဤသည်မှာ တတိယအရွယ်၌ ရှေးဦးစွာ ကြုံတွေ့ ကြရမည့် မျက်စိမှုန်ခြင်း ဖြစ်ပါသည်။ မျက်စိ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင် ပညာရှင်များ နှင့်တိုင်ပင်၍ အနီးကြည့် မျက်မှန်တပ်ခြင်းဖြင့် ကြည်လင်သော အမြင်အာရုံကို ရရှိစေမည်ဖြစ်၏။ တစ်ခါတစ်ရံ လေဆာရောင်ခြည် 
ကုထုံးဖြင့် ကုသရ သည်များလည်း ရှိသည်။

 ၂။ အတွင်းတိမ်ဖြစ်ခြင်း (Cataract) 
အတွင်းတိမ်နှင့် ရေတိမ်သည် အသက်အရွယ်
 မရွေး ဖြစ်နိုင်သော်လည်း အသက် ၆၀ ကျော်အရွယ် များတွင် အဖြစ်များ၏။ မျက်စိ နှစ်ဖက်လုံးတွင် ဖြစ်တတ်သော်လည်း တစ်ဖက်ဖက်က အရင်ဆုံးစ၍ ဖြစ်လေ့ဖြစ်ထ ရှိသည်။ နောက်ပိုင်းတွင်မှ ကျန်တစ်ဖက်က ဆက်၍ဖြစ်သည်။ ကာယကံရှင်က သတိမူမိသော အချိန်တွင် နှစ်ဖက်လုံး အတွင်းတိမ် ရှိနေသောအချိန် ဖြစ်နေလေ့ရှိသည်။

 မွေးရာပါအတွင်းတိမ်နှင့် ထိခိုက်မိ၍ ဖြစ်သည့် 
အတွင်းတိမ်ဟူ၍လည်းရှိ၏။ သက်ကြီး အတွင်းတိမ် ရှိသူ
များသည် တဖြည်းဖြည်း မျက်စိမှုန် လာခြင်း (အထူးသဖြင့် အဝေးမှုန်)ကို ခံစားရပြီး နာကျင်ခြင်း၊ကိုက်ခဲခြင်းမျိုးကိုမခံစားရပါ။ အတွင်းတိမ်ကို ကာကွယ်နိုင်ခြင်း မရှိသော်လည်း ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင် ကြသည်။ အတွင်းတိမ် ခွဲစိတ်ကုသမှု၏ အခြေခံ သဘောတရားမှာ အလင်း
ပိတ်နေသော သဘာဝမှန်ဘီလူးကို ခွဲစိတ်ဖယ်ထုတ်၍ 
အဆင့်မြင့် နည်းပညာဖြင့် ပြုလုပ်ထားသော မှန်ဘီလူး
အတု (Artifical Lens) ကို အစားထိုးထည့်သွင်း 
တပ်ဆင်ပေးခြင်းပင် ဖြစ်သည်။

၃။ ရေတိမ်ဖြစ်ခြင်း (Glaucoma) 
မျက်စိရေတိမ် နှစ်မျိုး ရှိသည့်အနက် ပထမအမျိုးအစားမှာ အခြားသော မျက်စိရောဂါ ဝေဒနာရှင်များ နည်းတူ မျက်စိနီခြင်း၊ နာကျင်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မျက်ရည်ပူကျခြင်း စသည်တို့ကို ခံစားရသည်။ နာကျင်မှုကို မျက်စိ တစ်ဖက်တည်း၌ တိုး၍တိုး၍ ခံစားရခြင်း၊ ချက်ချင်း ဆိုသလို မျက်စိမှုန်ဝါး သွားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ပျို့ချင်၊ အန်ချင်ဖြစ်ခြင်း တို့ကို ထူးခြားသော လက္ခဏာရပ်များ အဖြစ် ခံစားရမည်။ (နီ၊ ကိုက်၊ မှုန်၊ ပျို့) ဤဝေဒနာများကို ခံစားရပါက မျက်စိရေတိမ် ဖြစ်နိုင်ကြောင်း သတိမူကြရမည် ဖြစ်၏။ ဒုတိယ အမျိုးအစားမှာ နီခြင်း၊ 
ကိုက်ခြင်း စသည့် ဝေဒနာမခံစားရဘဲ တဖြည်းဖြည်း မသိမသာမှုန်လာသော အမျိုးအစားဖြစ်၏။ 

ကာယကံရှင် ကိုယ်တိုင် သတိမထား မိသည်ကများပြီး 
မျက်စိ အထူးကုဆရာဝန် ကြီးများကသာ သိနိုင်၍ ပုံမှန်မျက်စိ စမ်းသပ်စစ်ဆေး ကြရန် တိုက်တွန်းကြခြင်း ဖြစ်သည်။ မျက်စိရေတိမ် သည် အချိန်မရွေး အမြင်အာရုံ လုံးဝဆုံးရှုံး နိုင်သောကြောင့် သတိထားကြရမည့် မျက်စိဝေဒနာဖြစ်သည်။

 ၄။ မြင်လွှာရှိ မက်ကျူလာ (အမြင်အာရုံခံလွှာ) ယိုယွင်း အားနည်းခြင်း (Age- related Macular Degeneration- AMD) အသက်ကြီး လာမှုကြောင့် မြင်လွှာပေါ်ရှိ မက်ကျူလာ (Macular) ဟုခေါ်သော အာရုံခံလွှာ တဖြည်းဖြည်း ယိုယွင်းလာမှုသည် အသက် ၆၀ ကျော်များတွင် အဖြစ်များသည်။

အသက် ၇၅ နှစ် အထက်ဖြစ်ပွားနှုန်းမှာ ၄၆ ရာခိုင်နှုန်း
 ဖြစ်ကြောင်း သုတေသီတို့၏ ထုတ်ပြန်ချက်များ အရ သိရ၏။ မက်ကျူလာ (Macular) သည် မြင်လွှာ၏ အရေးပါသောနေရာ တွင်ရှိသောကြောင့် မြင်ကွင်းကို ထိခိုက်စေသည်။ အမြင်အာရုံ ချို့ယွင်းမှုကို အစိတ်အပိုင်းအားဖြင့် ဖြစ်ပေါ်စေပြီး မြင်တွေ့ ရသော အရာဝတ္ထုပုံရိပ် (မြင်ကွင်း)များ ပေါ်တွင် အမည်းကွက်၊ အစက် အပြောက် အကြီးအသေးတစ်ခု သို့မဟုတ် အများကို (သတိထား၍ ကြည့်လျှင်) မြင်တွေ့ ရတတ်သည်။ ၎င်းကို Age-related Macular Degeneration (AMD) ဟု ခေါ်ပါသည်။ 
AMD ကို အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်သည်။ အေအမ်ဒီအစို 
(Wet AMD) နှင့် အေအမ်ဒီအခြောက် 
(Dry AMD) တို့ဖြစ်ကြသည်။ 

 အေအမ်ဒီအစိုသည် မြင်လွှာရှိ အာရုံခံလွှာအတွင်း၌ ဖောက်ပြန်သော သွေးကြောသစ်များ ပေါ်ပေါက်ခြင်းဖြစ်သည်။ သောက်ဆေး၊ စားဆေးပေး၍ ကုသနိုင်သည်။ အေအမ်ဒီအခြောက် မှာ တဖြည်းဖြည်း တရွေ့ရွေ့နှင့် မသိမသာ ဖြစ်လာသော သဘောရှိသည်။aအအမ်ဒီ အစိုထက် ပို၍ နှေးကွေးသည်။ ကုသရန် နည်းလမ်း မရှိသေးသော်လည်း ဗီတာမင်နှင့် လိုအပ်သော သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သော အာဟာရ များကို မှီဝဲစေခြင်းဖြင့် ရပ်တန့် စေနိုင်ကြောင်း သိရသည်။ စောစီးစွာ သိရပါက အေအမ်ဒီကြောင့် အမြင်အာရုံ ကျဆင်းလာမှုကို ပြန်လည်မြှင့်တင် နိုင်သည်ဖြစ်ရာ မျက်စိအထူးကု ဆရာဝန်နှင့် ပုံမှန်စစ်ဆေးခြင်းသည် အသက်ကြီးသူများ အတွက် အရေးကြီးသည်။ 

 ၅။ သက်ကြီးရောဂါများကြောင့် အမြင်အာရုံချို့ယွင်းခြင်း 
( Age-related Diseases and Vision) ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ကဲ့သို့သော သက်ကြီးရောဂါ များသည် အမြင်
အာရုံ ချို့ယွင်းမှုကို ဖြစ်စေသည်။ ဆီးချိုရောဂါကြောင့် မြင်လွှာရှိ ဆံခြည်မျှင်သွေးကြော များ၌ သွေးယိုစိမ့်ခြင်းနှင့် မလိုလားအပ်သော နေရာများ၌ အသုံးမ၀င်သော သွေးကြောသစ်များ ပေါ်ပေါက်လာခြင်းတို့ (Diabetic retin opathy) သည် အမြင်အာရုံကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။

 လက္ခဏာရပ်အဖြစ် မိမိ၏မြင်ကွင်း၌ ရွေ့လျားနေသော ပုံသဏ္ဌာန်များ (Floters)ကို တွေ့ရခြင်း၊ အမြင်မှုန်ဝါးခြင်း၊ တစ်စိတ်တစ်ပိုင်း အားဖြင့် အမြင်အာရုံ ဆုံးရှုံး နေတတ်ခြင်းနှင့် မျက်စိ၏အတွင်းမှ အနည်းငယ် နာခြင်းတို့ကို ခံစားရမည်ဖြစ်သည်။ လေဆာရောင်ခြည်ဖြင့် ကုသခြင်း (Photocoagulation) နှင့် ခွဲစိတ်ကုသခြင်း (Vitrectomy) တို့သည် ဆီးချိုရောဂါကြောင့် ဖြစ်ပွားသည့် Diabetic retin opathy ကိုကုသသည့် နည်းများဖြစ်သည်။ သွေးတိုးရောဂါသည် ခန္ဓာကိုယ်ရှိ သွေးကြောများကို ဖောက်ပြန် စေသကဲ့သို့ မျက်စိသွေးကြော များနှင့် မျက်စိအာရုံကြော များကိုလည်း ထိခိုက်စေသည်။ 

အမြင်အာရုံ လုံးဝဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင် သောကြောင့် အချိန်မီ ကုသသင့်သော ရောဂါဖြစ်သည်။ အစားအသောက် အနေအထိုင် ဆင်ခြင်ခြင်းနှင့် ဆေးလိပ်နှင့် အရက် သောက်ခြင်းကဲ့သို့သော အလေ့အကျင့်ဆိုး များကို ရှောင်ရှားခြင်း အားဖြင့်လည်း ကာကွယ်နိုင်သည်။ အချုပ်အားဖြင့် ဆိုရပါမူ အရွယ်လွန်ချိန်၌ ဖြစ်တတ်သည့် မျက်စိဝေဒနာ များသည် မျက်စိအထူးကု ဆရာဝန်များ၏ စံနှုန်းပြည့် စမ်းသပ်စစ်ဆေးမှုများ ဖြင့်သာ သိရှိနိုင်ကြောင်း သတိမူကြလျက် အရွယ်လွန်ချိန်၏နိဒါန်းဖြစ်သော အသက် ၄၀ အရွယ်မှ စတင်ကာ မျက်စိစမ်းသပ် စစ်ဆေးမှုကို ပုံမှန်ခံယူ သင့်ပါကြောင်း စေတနာ ကောင်းဖြင့် ရေးသားအပ်ပါသည်။ 
( Ref: Source …www.agingcare.com/ articles)

စိတ်ဖိစီးမှုများခြင်း နှင့် နှလုံးရောဂါ-

နှလုံးရောဂါသည် ယနေ့ခေတ်တွင် အဖြစ်များနေသော ရောဂါတစ်ခု ဖြစ်သည်။ အဖြစ်များနေသော နှလုံးရောဂါတွင် ကုလဇ ခေါ် မျိုးရိုးဗီဇ ပါ နှလုံးရောဂါက လွဲပြီး ကျန်နှလုံးရောဂါ များသည် အပြုအမူ ၊ အနေအထိုင် တို့ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ ထို့အတူ စိတ်ဖိစီးမှု များခြင်းကြောင့်လည်း
 နှလုံးရောဂါ ဖြစ်နိုင်သည်ကို သတိချပ်စေ လိုသည်။ 

 နှလုံးခုန်ခြင်းဆိုသည်မှာ နှလုံးသည် ကြွတစ်ခါ ၊ကျုံ့တစ်လှည့်နှင့် သွေးများကို လက်ခံခြင်း ၊ ထုတ်လွှတ်ခြင်း ပြုလုပ်နေခြင်း ဖြစ်သည်။ ခန္ဓာကိုယ်၏ အပူချိန် တေဇောဓာတ် သည် မှန်နေပါက နှလုံးခုန်နှုန်း သည်လည်း မှန်နေမည် ဖြစ်သည်။ တေဇောဓာတ် မြင့်လာပါက နှလုံးခုန်နှုန်း သည်လည်း မြင့်တက်လာမည် ဖြစ်သည်။ တေဇောဓာတ် နည်းသွားပါက နှလုံခုန်နှုန်း 
သည်လည်း နည်းသွားမည် ဖြစ်သည်။ 

ထို့အတူ တိုင်းရင်းဆေးပညာ (ဘေသဇ္ဇဆေးပညာ) ဒေါသသုံးပါး အလိုက် နှလုံး၏ ဖြစ်ပေါ် ပြောင်းလဲနေသည် များရှိပါသည်။ နှလုံးအိမ်တွင် သည်းခြေဒေါသများ ဦးဆောင် လွန်ကဲနေချိန်တွင် နှလုံးခုန်နှုန်းသည် မြန်နေမည် ဖြစ်သည်။ သလိပ်ဒေါသများ ဦးဆောင်လွန်ကဲ နေချိန်တွင် နှလုံးခုန်နှုန်းသည် နှေးကွေးလေးလံ နေမည် ဖြစ်သည်။ လေဒေါသများ ဦးဆောင်လွန်ကဲ နေချိန်တွင် နှလုံးခုန်နှုန်းသည် မူမမှန်ခြင်း ဖြစ်နေတတ်သည်။ 

သည်းခြေဒေါသ ၊ သလိပ်ဒေါသ ၊ လေဒေါသများ 
ညီညွတ်နေပါက နှလုံးခုန်နှုန်းသည် မျှတနေမည် ဖြစ်ပြီး ပုံမှန်အတိုင်း လှုပ်ရှားနေမည် ဖြစ်သည်။ စိတ်ဖိစီးမှု များရာမှ နှလုံးရောဂါ ဖြစ်လာနိုင်သော လက္ခဏာအချို့မှာ အလိုလိုနေရင်း မောနေတတ်ခြင်း ၊ အသက်ရှူမ၀ခြင်း ၊ အသက်ရှူကျပ်ခြင်း တစ်ခါတစ်ရံ နှလုံးနေရာက အောင့်ခြင်း ၊ လက်ဝဲရင်ဘတ်အုံက တဆစ်ဆစ် နာကျင်ခြင်း ၊ ထစ်ခနဲဆို ထိတ်လန့်တတ်ခြင်း ၊ အသားအရေ ဖြူရော်ဖြူဖတ် ရှိခြင်း ၊ အလိုလိုနေရင်း အားငယ်တတ်ခြင်း ၊ လက်သည်းခုံးများ အပါအ၀င် 
လက်သည်းများ ညိုမည်းနေခြင်း ၊ အသက်ကို ရံခါရှိုက်၍
ရှူရခြင်း ၊ လက်ဖျားခြေဖျား များသည် နွေးထွေး မနေဘဲ
 အမြဲလိုလို အေးစက်နေခြင်း ၊ ရင်တုန်ခြင်း ၊ စိတ်လှုပ်ရှားလျှင် နှလုံးခုန်နှုန်းများ မြန်လာခြင်း ၊ အိပ်မပျော်ခြင်း ၊ လေးလံ ထိုင်းမှုန်းနေခြင်း ၊ သွေးခုန်နှုန်း များကို စမ်းကြည့်လျှင် မြန်လွန်းနေခြင်း ၊ နှေးလွန်းနေခြင်း ၊မူမမှန်ခြင်းတို့ ဖြစ်ပါသည်။ 

ထိုရောဂါ လက္ခဏာ များထဲမှ တစ်ခုခုခံစားရလျှင်
 ပေါ့လျော့မနေဘဲ နှလုံးကို ဆောလျင်စွာ ပြသသင့်သည်။ မြန်မာ့တိုင်းရင်းဆေးပညာ အရ နှလုံးရောဂါ ဖြစ်ရခြင်း အကြောင်းနှင့် နှလုံးရောဂါကို ခွဲခြားမည် ဆိုလျှင် ဒေသနာနှင့် ဘေသဇ္ဇ ဆေးပညာ ၂ ရပ်လုံးတွင် ၃ မျိုးခွဲခြားနိုင်သည်။ 

သီတ ဆိုတော အအေးဓာတ်တွေ လွန်ကဲပွားများ စေသော အစာအာဟာရများ ၊ အဆီအဆိမ့်များ ၊ ၀မ်းတွင်း ကလီစာများ ၊ ၀က်သား စသော အဆီအစေး များသော အစာများ လွန်ကဲစွာ စားသောက်ကြခြင်း ၊ အနေအထိုင်များ ဖြစ်သေ ကမ္မ ၊ အတ္ထ ၊ ကာလ များ လွန်ယုတ်လွဲမှား ပြုခြင်းကြောင့် သလိပ်ဒေါသများ ပွားများလာကာ မန္ဒ၀မ်းမီး ဖြစ်လာပြီး နှလုံး အဆီပိတ်သော နှလုံးရောဂါ ၊ နှလုံးပွသောရောဂါ ၊ နှလုံ သွေးကြောကျဉ်းခြင်း ၊ နှလုံးကြီးသော ရောဂါ တို့ ဖြစ်တတ်သည်။ 

ထိုရောဂါများ၏ လက္ခဏာ များမှာ အသက်ရှူမ၀ခြင်း ၊ လေးလံမောပန်းခြင်း တို့ဖြစ်သည်။ အပူစာများဖြစ်သည့် အရက် ၊ စီးကရက် ၊ မျှစ် ၊ မှို ၊ ဆူးပုပ် ၊ တညင်းသီး ၊ အုန်းသီး ၊ ဆိတ်သား ၊ အမဲသား ၊ ငရုတ်သီးမျိုးစုံ ၊ မဆလာ စသော အစားအစာများ ကြိမ်ဖန်များစွာ စားခြင်း ၊ နေပူ မီးပူ ခံများခြင်း ၊ အပူထဲမှ
 ပြန်လာပြီး ရေချိုးခြင်း ၊ သောကဗျာပါဒ များခြင်း ၊ နေပူ
စပ်ခါးတွင် အသွားအလာ များခြင်း စသည်တို့ကြောင့် တိက္ခ၀မ်းမီး ဖြစ်ပေါ်လာပြီး နှလုံးသွေးကြော ကျစ်ခြင်း ၊ နှလုံးကျုံ့ခြင်း ၊ နှလုံးကြွက်သားများ ရောင်ရမ်းခြင်း ၊ နှလုံးသွေးခန်းခြင်း ၊ နှလုံးစူးအောင့်ခြင်း တို့ ဖြစ်ပေါ်စေသည်။ 

အပူအအေး အားပြိုင်သော ၀ါယောအာကာသ များ ဖောက်ပြန်စေသော ချဉ်ပေါင်ရွက် ၊ ပဲမျိုးစုံ ၊ မကြေကျက်နိုင်သော အစားအစာများ ၊ အစာမကြေမီ တဖန် အစာများစားခြင်း ၊ အပူအအေး မျှတမှုမရှိခြင်း ၊ စိတ်ပူပန်ခြင်း ၊ ဒေါသ ဗျာပါဒများ များခြင်း ၊ အိပ်ချိန်မမှန်ခြင်း ၊ အစာစားချိန် မမှန်ခြင်း တို့ကြောင့် ၀ိသမ၀မ်းမီ ဖြစ်ပေါ်လာပြီး နှလုံးလေရပ်သော ရောဂါ ၊ နှလုံးလေဖုံးသော ရောဂါ ၊ တစ်ကိုယ်လုံး တုန်ယင်နေသကဲ့သို့ ခံစားရသောရောဂါ ၊ နှလုံးသွေးကြော ပေါက်ခြင်း ၊ နှလုံးသွေးကြောာ ပြတ်ခြင်းတို့ ဖြစ်စေသည်။ နှလုံးရေဂါများ မဖြစ်စေရန် ကြိုတင် ကာကွယ်နိုင် ပါသည်။ ရေချိုးခြင်းကအစ ဆင်ခြင်ရ ပါသည်။ သွားလာ လှုပ်ရှားမှု နှေးကွေးခြင်း ၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် ခြင်းများကို ရှောင်ကြဉ်ရပါမည်။

 စီးကရက် ၊ အရက် ၊ ဘီယာများ သုံးစွဲခြင်း တို့ကို ရှောင်ကြဉ် ရပါမည်။ အဆီအအိမ့်များ ၊ ပူလွန်းသော အစားအစာများ စားခြင်းကိုလည်း ရှောင်ရပါမည်။ အိပ်ချိန် ၊ စားချိန်များ ပုံမှန်ရှိ အောင်လည်း ဂရုပြုကြရပါမည်။ စိတ်ဖိစီးမှု ကင်းဝေးစေရန် နံနက်စောစော နှင့် အိပ်ရာဝင်ချိန် များတွင် အာနာပါန ရှုမှတ်ခြင်းများ ပြုလုပ် ပေးရပါမည်။ ဒါန ၊ သီလ ၊ဘာဝနာများကို ပွားများနေရ ပါမည်။ အငန်လွန်ကဲ သော အစားအစာ များကိုလည်း ရှောင်ကြဉ် ရပါမည်။ သွားနှင့်ခံတွင်း ကိုလည်း ဂရုစိုက် ပေးရပါမည်။ အ၀မလွန်စေရန် ကိုယ်လက်လှုပ်ရှားမှု များကို ပြုလုပ်ပေးသင့် ပါသည်။ နီသော အရောင်ရှိသော အသားများကို မကြာခဏ စားခြင်းမျိုးကိုလည်း ရှောင်ရှားပေး ရပါမည်။ 

လတ်ဆတ်သော အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက် များကို စားသုံးပေးသင့် ပါသည်။ နှလုံးရောဂါ မှ ကာကွယ်နိုင်ဖို့ လမ်းများများ လျှောက်သင့်သည်။ နှလုံးရောဂါရှင် များသည် တက်စေသော ငါးများကလွဲပြီး ငါးများများ စားပေးသင့် ပါသည်။ နှလုံးရောဂါ သည် ပုံမှန်အားဖြင့် နှလုံးရောဂါ လက္ခဏာများ မဖြစ်ခင် ကတည်းက အစပျိုးလေ့ ရှိပြီး လက္ခဏာများ ပြသသည့်အချိန်တွင် နှလုံးရောဂါသည် ဆိုးရွားနေတတ်သည့် ရောဂါ ဖြစ်ပါသော ကြောင့် ကျန်းမာရေးအသိများလည်း ရှိရန် အထူးလိုအပ်လှ ပါသည်။ နှလုံးရောဂါ ၏ နောက်ဆက်တွဲ
အန္တရာယ် များကိုလည်း သိရှိထားရပါမည်။

 နောက်ဆက်တွဲ အန္တရာယ် များမှာ ရုတ်တရက် နှလုံးခုန်ရပ်ပြီး မူးဝေသွားခြင်း ၊ သတိလစ် မေ့မြောသွားခြင်း ၊ လေငန်း ၊ သွက်ချာပါဒ ဆိုသော တစ်ဝက်သေ ဘဝများသို့ ရောက်သွားနိုင် ပါသည်။ ထို့ပြင် အသက်အန္တရယ် ဆုံးပါးသည်အထိ ဖြစ်စေနိုင် သောကြောင့် နှလုံးရောဂါ မဖြစ်စေရန် စိတ်ဖိစီးမှု များကို လျှော့ချပေးရန် လိုအပ်သည်။ စိတ်ဖိစီးမှု များလာသည်နှင့် အမျှ ခန္ဓာကိုယ်မှ ကော်တီစော ဟုခေါ်သော စိတ်ဖိစီးမှု ဟော်မုန်းများ ထွက်ပေါ်လာပြီး ယင်း ဟော်မုန်းများ၏ ခြယ်လှယ်မှု များကြောင့် သွေးတင်း သကြားဓာတ် ၊ သွေးတွင်း အဆီဓာတ် များသည် မြင့်တက်လာသည်။ ထိုသို့ မြင့်တက်လာရာမှ နှလုံး သွေးကြော ဆိုင်ရာ ရောဂါများ ၊ သွေးတိုးရောဂါများ အပြင် နှလုံး ရုတ်တရက်ဖောက်ခြင်း ၊ လေဖြတ်ခြင်း စသည့် အသက်
အန္တရာယ် ကို ခြိမ်းမြောက်နိုင်သော ပြဿနာများ 
အထိပါ ဖြစ်လာ တတ်သည်။ 

အချို့လူများတွင် မိမိကိုယ်ကို သတ်သေခြင်း ဆိုသည့် အန္တရာယ် ကို ရင်ဆိုင်ခဲ့ကြက ရသည်။ စိတ်ဖိစီးမှုများကို အချို့က သီချင်း နားထောင်ခြင်း ၊ အချို့က ကခုန်ခြင်း ၊ အချို့က အော်ဟစ်ခြင်း စသည်ဖြင့် ဖြေရှင်းတတ် ကြသည်။ စိတ်ဖိစီးမှု လျော့နည်းစေသော နည်းလမ်းများတွင် အကျိုးသက်ရောက်မှု ရှိစေသော နည်းလမ်းတစ်ခုမှာ တစ်ကိုယ်တည်း သီးသန့် နေထိုင်ခြင်းထက် လူအများနှင့် ရောနှောကာ နေထိုင်ခြင်း ဖြစ်သည်။ မိမိယုံကြည် စိတ်ချရသော မိတ်ဆွေကို မိမိခံစား နေရသော စိတ်ဖိစီးမှု ဖြစ်နေသော အကြောင်းအရာ များကို ပြောပြသင့်သည်။ 

စိတ်ရွှင်လန်း တက်ကြွ စေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်
ခန်း(ရေကူးခြင်း ၊ လမ်းလျှောက်ခြင်း ၊ စက်ဘီးစီးခြင်း ၊ တောင်တက်ခြင်း) တစ်ခုခုကို လုပ်ပေးသင့်သည်။ စိတ်ဖိစီးမှု လျော့ကျစေရန် နည်းများထဲတွင် အဖွဲ့လိုက် သီးချင်းဆိုခြင်းလည်း ပါဝင်သည့်အတွက် မကြာခဏ သီချင်းဆိုပေးသင့်သည်။ 
စိတ်ဖိစီးမှု များသူအနေဖြင့် ညဘက်အချိန်တွင် ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ရန် အိပ်ရာဝင်ချိန် တွင် ငှက်ပျောသီး ၊ နွားနို့ နှင့် နို့ထွက်ပစ္စည်း များကို စားသုံးပေးသင့်သည်။ အိပ်ခါနီး အချိန်တွင် ငှက်ပျောသီး စားပေးခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့နည်းစေသည့် အပြင် အာရုံစူးစိုက်မှု ကိုလည်း ပိုမို ကောင်းမွန်စေသည်။ 

အိပ်ခါနီး အချိန်တွင် ကော်ဖီသောက်ခြင်း ၊ လက်ဖက်ရည် သောက်ခြင်း ၊ လက်ဖက်သုပ် စားခြင်း တို့ကို ရှောင်ကြဉ်ရမည်။ ဤသို့ဖြင့် စိတ်အားများ ပြည့်နေမည် ဆိုလျှင် ရုပ်အားသည် အလိုလို ကျန်းမာနေနိုင်စေဖို့ စိတ်ဖိစီးမှု များကို လျှော့ချနိုင်ပါက နှလုံးရောဂါ မှ ကင်းဝေးနိုင်မည် ဖြစ်ပါကြောင်း
 ရေးသားလိုက်ရ ပါသည်။ (ပေါက်ပေါက် )

အမျိုးသမီးမျညး သတိထားသင့်တဲ့ အရိုးပွရောဂါ

 Image result for osteoporosis symptoms
အမျိုးသမီးတွေ သတိထားသင့်တဲ့ ရောဂါတွေထဲမှာ 
အရိုးပွရောဂါ (Osteoporosis)လဲ တစ်ခုအပါအ၀င် ဖြစ်ပါတယ်အရိုးပွသူဟာ ဘာလက္ခဏာမှ မပြဘဲ တကယ်အရိုး
ကျိုးတဲ့ အခါမျိုးမှသာ သတိထားမိတတ် ကြတယ်။ 
တချို့သော လူနာတွေမှာ အရိုးပွပြီး ဆွေးရာက 
ကျိုးမှန်းတောင် မသိသူတွေ ရှိတတ်ပါတယ်။ 
အရိုးပွတယ် ဆိုတာ အရိုးတွင်း သိပ်သည်းဆ 
နည်းလာပြီး အရိုးက ကျိုးလွယ်၊ ထိခိုက်လွယ် 
လာတဲ့သဘောမျိုး ဖြစ်တယ်။ 
အရိုးသိပ်သည်းဆ ဟာ အသက် ၃၅ နှစ်ကျော်တာနဲ့ လျော့နည်းလာတာ သဘာဝဖြစ်တယ်။ အထူးသဖြင့် သွေး
ဆုံးပြီးစ အမျိုးသမီးတွေပါ။ ယေဘုယျ အားဖြင့် အမျိုးသမီး တွေဟာ အမျိုးသား တွေထက်ပိုဖြစ်ပြီး အာရှ နဲ့
 ကော့ကေးရှန်း လူမျိုးတွေဟာ ပိုဖြစ်နိုင်တယ်။

 ဟော်မုန်း ချို့တဲ့မှု (အမျိုးသားတွေမှာ တက်စတိုစတီရုန်း၊ အမျိုးသမီးတွေမှာ အီစတိုဂျင် ချို့တဲ့မှု)ဟာ အရိုးပွရောဂါနဲ့ ဆက်စပ် နေပါတယ်။ မျိုးရိုး၊ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ 
ချို့တဲ့တာ၊ ဆေးလိပ်၊ အရက် အသောက်များတာ၊ လေးဖက်နာ အဆစ်အမျက်ရောင် ရောဂါရှိသူတွေဟာ အရိုးပွရောဂါ ဖြစ်လွယ်သူတွေ ဖြစ်တယ်။ ဆေးဝါးတွေ ကြောင့်လဲ ဖြစ်တတ်တယ်။ ဆေးဝါးတွေထဲမှာ သွေးကျဲ ဆေး 
(Heparin)၊ အတက်ပျောက်ဆေး (Phenytoin)၊ 
စတီးရွိုက်ဆေးဝါး တွေကြောင့်လဲ ဖြစ်နိုင်တယ်။ 

အာဟာရ ဓာတ်ချို့တဲ့မှု၊ ဗီတာမင်ဒီ ချို့တည့်မှုကလဲ အရိုး
ပွရောဂါ ကိုဖြစ်စေတယ်။ အရိုးတစ်ခု ဖွဲ့စည်းဖို့ ကယ်လ်စီယမ်၊ ဗီတာမင်၊ ကိုလာဂျင်နဲ့ ပရိုတင်းဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် ကြီးထွားစ ကလေးတွေကို နွားနို့သောက်ခိုင်း တာဖြစ်တယ်။ အရိုးပွရောဂါရှိတဲ့ လူနာတစ်ယောက်ဟာ သာမန်ထိခိုက်မှုလေး တစ်ခုကနေတောင် အရိုးကျိုးနိုင်ပါတယ်။

 တင်ပါးဆုံ၊ နံရိုး၊ လက်ကောက်ဝတ်၊ ခါးဆစ်ရိုး စတာတွေဟာ အရိုးပွရောဂါ ကြောင့် အရိုးကျိုးနိုင်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ အရိုးပွတဲ့ အဆင့်မရောက်ခင် Oseteopenia
 ခေါ်တဲ့ အရိုးသိပ်သည်းဆ နည်းတဲ့အဆင့်တစ်ခု ရှိပါသေးတယ်။ 

ရိုးတွင်းခြင်ဆီ ထဲမှာရှိတဲ့ သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ် ချို့တဲ့လာရာကနေ သိပ်သည်းဆ နည်းလာပါတယ်။ ဒီအဆင့်က အရိုးပွတဲ့အဆင့် (Osteoporosis) လောက် မဆိုးသေးပါဘူး။ အရိုးပွရောဂါ သိပ်ဆိုးရွားလာရင် အရိုးတွေက ကြွပ်ဆတ်လာတယ်။ အခန့်မသင့်ရင် ချောင်းဆိုး၊ 
ခါးကိုင်းတာမျိုး ကနေတောင် အရိုးကျိုး နိုင်ပါတယ်။ 
ဒါကို Stress Fracture လို့ ခေါ်ပါတယ်။ ခါးရိုးဆစ်အရိုးပွ 
ရာကနေ ကျိုးတဲ့သူတွေဟာ ခါးနောက်ပိုင်းကနေ
 ဘေးနှစ်ဖက်မှာ နာကျင်နေတတ်တယ်။ 

အသက်ကြီးရင့်သူ တွေမှာခါးနာတာ၊ တဖြည်းဖြည်း ခါးကိုင်းလာတာ ရှိရင် အရိုးပွ၊ အရိုးဆွေးရောဂါကို 
သတိပြုသင့် ပါတယ်။ အသက် ၆၀ ကျော်တွေ အရိုးကျိုးခြင်းရဲ့ 
အဓိက အကြောင်းရင်းက အရိုးပွရောဂါ ကြောင့်ဖြစ်တယ်။ လေ့လာမှုတွေ အရ အသက် ၈၀ ကျော် ဆယ်ယောက်မှာ ခုနစ်ယောက်က အရိုးပွရောဂါ ဖြစ်နေတာတွေ့ ရတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် စစ်တမ်းတွေအရ အမျိုးသမီးဦးရေ ရှစ်သန်းခန့်ဟာ အရိုးပွရောဂါရှိပြီး အမျိုးသားဦးရေ နှစ်သန်းခန့်ထိ ရှိတယ်။ 

အရိုးပွရောဂါ ရှိနေသူဟာ လက္ခဏာ ပြတာမရှိဘဲ Bone Scan ရိုက်ကြည့်မှသာ သိနိုင်ပါတယ်။ အရိုးပွရောဂါ ဖြစ်၊မဖြစ်ကို Risk factor အချက်အလက်တွေနဲ့ ခန့်မှန်းတွက်ချက် နိုင်ပါတယ်။ တွက်တဲ့အခါ FRAX သို့ QFracture နည်းတွေနဲ့တွက်ပြီး ဖြစ်နိုင်ခြေများတဲ့ သူတွေကို DEXA Scan ( Dual-energy 
X-ray absorptiometry) ရိုက်ကြည့်ရတယ်။

 DEXA ဆိုတာ ဓာတ်ရောင်ခြည် X-ray နဲ့ အရိုး သိပ်သည်းဆ စမ်းတဲ့နည်း ဖြစ်ပါတယ်။ အရိုးပွရောဂါ ရှာဖွေဖို့ DEXA နည်းကို 
အများဆုံး အသုံးပြုကြတယ်။ နောက်ပြီး ဖနောင့်ကို အာထရာဆောင်း ရိုက်ပြီး အရိုး သိပ်သည်းဆ စမ်းသပ် စစ်ဆေးနိုင်တယ်။ အရိုးပွရောဂါ ကုတဲ့အခါ 
Bisphosphonates ဆေးဝါးတွေကို 
အဓိက အသုံးပြုကြတယ်။ 

Alendronate (Fosamax)၊ Risedronate (Actonel)၊ Ibandronate (Boniva)၊ Zoledronic Acid (Reclast)
 တွေက အသုံးအများဆုံး ဖြစ်ပါတယ်။ အမျိုးသမီး
 သွေးဆုံးရာက အရိုးပွသူတွေမှာ အီစတိုဂျင် ဟော်မုန်းလဲ ပေးတယ်။ ဟော်မုန်းဆေးတိုင်း ဘေးထွက်ဆိုးကျိုး ရှိလို့ဂရုစိုက်ရမယ်။ အဲဒီနေရာမှာ ဟော်မုန်းနဲ့ ဆင်တူတဲ့ အရိုးပွပျောက်ဆေး Raloxifene ကို အသုံးပြုကြတယ်။

 နောက်ပေါ်ဆေး ထဲမှာ အရိုးပွ၊ အရိုးကျိုး ခြင်းကို 
ကာကွယ်နိုင်တဲ့ Denosumab ဆေးက နာမည်ကြီးတယ်။ အားသာချက်က ကျောက်ကပ် မကောင်းသူ တွေမှာလဲ သုံးစွဲနိုင်တယ်။ အရိုးပွရောဂါ အလွန်အကျွံ ဆိုးသူတွေမှာ Teriparatide ကို ပေးနိုင်တယ်။ အရိုးဆဲလ်သစ်တွေ အလျင်
အမြန် ပြန်ဖြစ်နိုင်ပါတယ်။ သွေးတွင်း ကယ်လ်စီယမ်ဓာတ် ပိုလျှံနိုင်တယ်။ အရိုးပွရောဂါ အတွက် နောက်ဆုံးပေါ်
 ဆေးဝါးက Abaloparatide ဖြစ်တယ်။ 

Teriparatide နဲ့ အာနိသင်တူပြီး သွေးတွင်း 
ကယ်လ်စီယမ်ကို ထိန်းသိမ်းပေး နိုင်တယ်။ 
Bisphosphonates နဲ့ ဘေးထွက်ဆိုးကျိုးက ရင်ပူတာ၊ အစာအိမ်နာတာ ဖြစ်တတ်တယ်။ ဘေးထွက် လျော့နည်းစေဖို့ Bisphosphonates သောက်တဲ့အခါ အစာမရှိခင် ရေများများနဲ့ သောက်ရမယ်။ ဆေးက အစာမျိုပြွန်အထက် ဆန်တက်တာ မရှိအောင် ဆေးသောက်ပြီး တစ်နာရီအတွင်း လှဲအိပ်တာ၊ အစား စားတာမျိုးမလုပ်ဖို့ ကြိုတင်သတိပေး ရတယ်။ ယေဘုယျ ၁၀ နှစ်ထိစိတ်ချ လက်ချ သောက်နိုင်တယ်။ Bisphosphonates ရဲ့ အားသာချက်က ဆေးရပ်ပြီးရင်တောင် အရိုးတွင်းမှာ ဆေးအာနိသင် ကျန်နေနိုင်တာ ဖြစ်ပါတယ်။ 

သောက်ဆေးသောက်ဖို့ အဆင်မပြေတဲ့အခါ Zoledronic Acid (တစ်နှစ်တစ်ကြိမ်) နဲ့ Ibandronate (သုံးလတစ်ကြိမ်) ဆေးကို 
IV လိုင်းအကြောတွင်း ထိုးထည့်ပြီး သုံးနိုင်ပါတယ်။ 
 အမျိုးသား၊အမျိုးသမီးတိုင်း အသက် ၁၈ နှစ်နဲ့ အသက် ၅၀ ကြားအရွယ်တွေမှာ ကယ်လ်စီယမ် 1000 mg လောက်
 နေ့စဉ် လိုအပ်ပါတယ်။ အသက် ၅၀ ကျော် အမျိုးသမီး တစ်ယောက်ဟာ ကယ်လ်စီယမ် 1200 mg လောက်ထိ လိုအပ်ပါတယ်။ ကယ်လ်စီယမ် များအောင် နို့နဲ့နို့ထွက်ပစ်္စည်း၊

 စိမ်းတဲ့အရွက်၊ ဆော်လမွန်ငါး၊ တူနာငါး၊ တိုဟူး၊ အစေ့အဆန် စတာတွေ နေ့စဉ် စားပေးသင့်တယ်။ ရိုးရိုးနွားနို့ တစ်ခွက်မှာ ကယ်လ်စီယမ် 300 mg လောက်ပါတယ်။ ဒါကြောင့် တစ်ရက်ကို နွားနို့နှစ်ခွက်ကနေ သုံးခွက်ထိ သောက်ပါ။ မနက်စာ စားတဲ့အခါ အုပ်ဂျုံထည့်စားပါ။ တကယ်လို့ အစားအသောက်က ကယ်လ်စီယမ် မလုံလောက်ရင် Calcium ဆေးဝါးတွေ မှီဝဲသင့်တယ်။ 
Vitamin D က ကယ်လ်စီယမ် စုပ်ယူမှုကို အားပေးနိုင်တယ်။ 

ကယ်လ်စီယမ် ဖြည့်စွက်ဆေးထဲမှာ Vitamin D ထည့်သောက်ခြင်းဟာ Calcium ရဲ့ စုပ်ယူမှုကို ၃၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းထိ ကောင်းစေတယ်။ နေ့စဉ် vitamin D 600-800 IU လောက် လိုအပ်ပါတယ်။ ဗီတာမင်ဒီကို နေရောင်ကနေလဲ ဖွဲ့စည်းရရှိနိုင် ပါတယ်။ 

အရိုးပွရောဂါရသူတွေဘာစားသင့်လဲ ယေဘုယျ ကယ်လ်စီယမ် နဲ့ မဂ်္ဂနီစီယမ်ဓာတ် ကြွယ်ဝတဲ့ ပဲသီး၊ ပဲတောင့်ရှည်၊ ပဲအမျိုးမျိုး စားသင့်တယ်။ သတိပြုရမှာက ပဲသီးမှာ Phytates ဆိုတဲ့ ဓာတ်တစ်မျိုးပါပြီး အဲဒီဓာတ်က ကယ်လ်စီယမ် စုပ်ယူမှု ကို ဟန့်တားနိုင်တယ်။ ဒါကြောင့် Phytates ဓာတ်ကို လျှော့ချဖို့ ပဲသီးကို ရေထဲမှာ နာရီပေါင်းများစွာ စိမ်ပြီးမှ ချက်စားသင့် ပါတယ်။ နောက်တစ်ချက်က အသား၊ ငါး များများ စားပေးသင့်တယ်။ 

ပဲနို့၊ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ပေါင်မုန့်၊ အစေ့အဆန်၊ ပင်လယ်စာ စတာတွေစားပါ။ အရိုးပွသူကို စိမ်းတဲ့အရွက်တွေ အလွန်
အကျွံ စားခိုင်းတာမျိုး သတိပြုပါ။ ဟင်းနုနယ်၊ ပန်းမုန်လာစိမ်း စတာတွေက Oxalate ဓာတ်များတဲ့ အတွက် 
ကယ်လ်စီယမ် စုပ်ယူမှုကို တားဆီးနိုင်တယ်။ 

ဒါကြောင့် စိမ်းတဲ့ အရွက်တွေ အလွန်အကျွံ မစားပါနဲ့။ 
အရက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ အငန် စတာတွေက 
ကယ်စီယမ် စုပ်ယူမှုကို တားဆီးတာကြောင့် အရိုးပွလွယ်၊ ကျိုးလွယ်ဖြစ် နိုင်တယ်။ အရိုးပွရောဂါ ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ပါ။ လမ်းလျှောက်၊ ကြိုးခုန်တာကလဲ အရိုးတွေကို ကျန်းမာသန်စွမ်း စေတယ်။ စက်ဘီးစီးတာ၊ ရေကူးတာဟာ
 နှလုံး ကျန်းမာရေး အတွက် ကောင်းပေမယ့် အရိုး 
အတွက်တော့ အကျိုး သက်ရောက်မှု နည်းပါတယ်။
(Crd: ဒေါက်တာ အေးမင်းထူး)

နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးနို့များ

နှလုံးကျန်းမာရေးအတွက် သင့်တော်မယ့်နို.့တွေအကြောင်းကို ဒီတစ်ခေါက်မှာ တော့ရှယ်ပေးပါရစေ။ ပရိသတ်တွေရောနို့နဲနို့နဲ့ပတ်သက်တဲ့အစားအစာတွေကို ကြိုက်နှစ်သက်ပြီး စားသုံးကြလား။  Related image
အများစုကတော့ နို့ဆိုရင် နွားနို့ကို
ကြိုက်နှစ်သက်စွာ သောက်တတ်ကြပါတယ်။
ဒါပေမဲ့ လူကြိုက်များပြီး သောက်နေကြဖြစ်တဲ့
 နွားနို့မှာတော့ ပြည့်ဝဆီတွေ ပါဝင်တာကြောင့် ကိုလက်စထရောလ်များနေသူ
 တွေအတွက် မသင့်တော်ပါဘူး။
 နွားနို့မတည့်တဲ့ သူတွေအတွက်
 နှလုံးကျန်းမာရေးအတွက် သင့်တော်မယ့် အခြားနို့အမျိုးအစားတွေရှိပါတယ်။

(၁) ပဲနို့ ပုံမှန်ပဲနို့တစ်ခွက်မှာ ကယ်လိုရီ (၈၀) လောက်နဲ့
အဆီ (၂) ဂရမ်ပါဝင်ပါတယ်။ ပဲနို့ကို အပင်ကထွက်တာ ဖြစ်တဲ့အတွက် သူ့မှာ ကိုလက်စထရောလ်လုံးဝ
မပါဝင်ဘဲ ပြည့်ဝအဆီပါဝင်မှုက တော်တော်နည်းပါတယ်။

ပဲနို့တစ်ခွက်မှာ အသားဓာတ် ခုနှစ်ဂရမ်ခန့် ပါဝင်
တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အစားစာတစ်မျိုးပဲဖြစ်ပါတယ်။ ပဲနို့နဲ့ပဲပြားတွေမှာ
ပါဝင်တဲ့ အသားဓာတ်ကိုတစ်နေ့လျှင် (၂၅)ဂရမ်မျှ
စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို
 လျှော့ချနိုင်ပါတယ်။

 (၂) အုန်းနို့ရည် အချိုမပါတဲ့အုန်းနို့ရည်တစ်ခွက်မှာ ပြည့်ဝဆီ
၎ဂရမ် ပါဝင်ပေမယ့်လည်း အများစုက ကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ့ အဆီမျိုးနဲ့ဖွဲ့စည်း
ထားတာဖြစ်ပါတယ်။
 အုန်းသီးများများစားတတ်တဲ့သူတွေက
 နှလုံးရောဂါဖြစ်တာ နည်းပါတယ်လို့
သုတေသီတွေကဆိုပါတယ်။
ဒါပေမဲ့ နှလုံးရောဂါဝေဒနာရှင်တွေအတွက်တော့ နားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ရောဂါအခြေအနေပေါ်မူတည်ပြီး စားသင့်
မစားသင့် ချင့်ချိန်သင့်ပါတယ်။

(၃) ဆိတ်နို့ ဆိတ်နို့က နွားနို့လိုမျိုး
အာဟာရဓာတ်အပြည့်အဝပါပြီး သကြားဓာတ်နဲ့ မတည့်တဲ့သူတွေအတွက် သောက်သုံးဖို့ အသင့်တော်ဆုံးပါ။
  ဒါပေမဲ့ ဆိတ်နို့သောက်သုံးတဲ့အခါ ကျိုချက်ပြီးမှ သောက်သုံးဖို့ အကောင်းဆုံးပါပဲ။ အဆီပါဝင်မှုနည်းတဲ့ ဆိတ်နို့က နှလုံးအတွက်အကောင်းဆုံး ဖြစ်စေမှာပါ။
( Crd: win win kyi )