အမျိုးသမီးတွေ သတိထားသင့်တဲ့ ရောဂါတွေထဲမှာ
အရိုးပွရောဂါ (Osteoporosis)လဲ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အရိုးပွသူဟာ ဘာလက္ခဏာမှ မပြဘဲ တကယ်အရိုး
ကျိုးတဲ့ အခါမျိုးမှသာ သတိထားမိတတ် ကြတယ်။
တချို့သော လူနာတွေမှာ အရိုးပွပြီး ဆွေးရာက
ကျိုးမှန်းတောင် မသိသူတွေ ရှိတတ်ပါတယ်။
အရိုးပွတယ် ဆိုတာ အရိုးတွင်း သိပ်သည်းဆ
နည်းလာပြီး အရိုးက ကျိုးလွယ်၊ ထိခိုက်လွယ်
လာတဲ့သဘောမျိုး ဖြစ်တယ်။
အရိုးသိပ်သည်းဆ ဟာ အသက် ၃၅ နှစ်ကျော်တာနဲ့ လျော့နည်းလာတာ သဘာဝဖြစ်တယ်။ အထူးသဖြင့် သွေး
ဆုံးပြီးစ အမျိုးသမီးတွေပါ။ ယေဘုယျ အားဖြင့် အမျိုးသမီး တွေဟာ အမျိုးသား တွေထက်ပိုဖြစ်ပြီး အာရှ နဲ့
ကော့ကေးရှန်း လူမျိုးတွေဟာ ပိုဖြစ်နိုင်တယ်။
ဟော်မုန်း ချို့တဲ့မှု (အမျိုးသားတွေမှာ တက်စတိုစတီရုန်း၊ အမျိုးသမီးတွေမှာ အီစတိုဂျင် ချို့တဲ့မှု)ဟာ အရိုးပွရောဂါနဲ့ ဆက်စပ် နေပါတယ်။ မျိုးရိုး၊ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ
ချို့တဲ့တာ၊ ဆေးလိပ်၊ အရက် အသောက်များတာ၊ လေးဖက်နာ အဆစ်အမျက်ရောင် ရောဂါရှိသူတွေဟာ အရိုးပွရောဂါ ဖြစ်လွယ်သူတွေ ဖြစ်တယ်။ ဆေးဝါးတွေ ကြောင့်လဲ ဖြစ်တတ်တယ်။ ဆေးဝါးတွေထဲမှာ သွေးကျဲ ဆေး
(Heparin)၊ အတက်ပျောက်ဆေး (Phenytoin)၊
စတီးရွိုက်ဆေးဝါး တွေကြောင့်လဲ ဖြစ်နိုင်တယ်။
အာဟာရ ဓာတ်ချို့တဲ့မှု၊ ဗီတာမင်ဒီ ချို့တည့်မှုကလဲ အရိုး
ပွရောဂါ ကိုဖြစ်စေတယ်။ အရိုးတစ်ခု ဖွဲ့စည်းဖို့ ကယ်လ်စီယမ်၊ ဗီတာမင်၊ ကိုလာဂျင်နဲ့ ပရိုတင်းဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် ကြီးထွားစ ကလေးတွေကို နွားနို့သောက်ခိုင်း တာဖြစ်တယ်။ အရိုးပွရောဂါရှိတဲ့ လူနာတစ်ယောက်ဟာ သာမန်ထိခိုက်မှုလေး တစ်ခုကနေတောင် အရိုးကျိုးနိုင်ပါတယ်။
တင်ပါးဆုံ၊ နံရိုး၊ လက်ကောက်ဝတ်၊ ခါးဆစ်ရိုး စတာတွေဟာ အရိုးပွရောဂါ ကြောင့် အရိုးကျိုးနိုင်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ အရိုးပွတဲ့ အဆင့်မရောက်ခင် Oseteopenia
ခေါ်တဲ့ အရိုးသိပ်သည်းဆ နည်းတဲ့အဆင့်တစ်ခု ရှိပါသေးတယ်။
ရိုးတွင်းခြင်ဆီ ထဲမှာရှိတဲ့ သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ် ချို့တဲ့လာရာကနေ သိပ်သည်းဆ နည်းလာပါတယ်။ ဒီအဆင့်က အရိုးပွတဲ့အဆင့် (Osteoporosis) လောက် မဆိုးသေးပါဘူး။ အရိုးပွရောဂါ သိပ်ဆိုးရွားလာရင် အရိုးတွေက ကြွပ်ဆတ်လာတယ်။ အခန့်မသင့်ရင် ချောင်းဆိုး၊
ခါးကိုင်းတာမျိုး ကနေတောင် အရိုးကျိုး နိုင်ပါတယ်။
ဒါကို Stress Fracture လို့ ခေါ်ပါတယ်။ ခါးရိုးဆစ်အရိုးပွ
ရာကနေ ကျိုးတဲ့သူတွေဟာ ခါးနောက်ပိုင်းကနေ
ဘေးနှစ်ဖက်မှာ နာကျင်နေတတ်တယ်။
အသက်ကြီးရင့်သူ တွေမှာခါးနာတာ၊ တဖြည်းဖြည်း ခါးကိုင်းလာတာ ရှိရင် အရိုးပွ၊ အရိုးဆွေးရောဂါကို
သတိပြုသင့် ပါတယ်။ အသက် ၆၀ ကျော်တွေ အရိုးကျိုးခြင်းရဲ့
အဓိက အကြောင်းရင်းက အရိုးပွရောဂါ ကြောင့်ဖြစ်တယ်။ လေ့လာမှုတွေ အရ အသက် ၈၀ ကျော် ဆယ်ယောက်မှာ ခုနစ်ယောက်က အရိုးပွရောဂါ ဖြစ်နေတာတွေ့ ရတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် စစ်တမ်းတွေအရ အမျိုးသမီးဦးရေ ရှစ်သန်းခန့်ဟာ အရိုးပွရောဂါရှိပြီး အမျိုးသားဦးရေ နှစ်သန်းခန့်ထိ ရှိတယ်။
အရိုးပွရောဂါ ရှိနေသူဟာ လက္ခဏာ ပြတာမရှိဘဲ Bone Scan ရိုက်ကြည့်မှသာ သိနိုင်ပါတယ်။ အရိုးပွရောဂါ ဖြစ်၊မဖြစ်ကို Risk factor အချက်အလက်တွေနဲ့ ခန့်မှန်းတွက်ချက် နိုင်ပါတယ်။ တွက်တဲ့အခါ FRAX သို့ QFracture နည်းတွေနဲ့တွက်ပြီး ဖြစ်နိုင်ခြေများတဲ့ သူတွေကို DEXA Scan ( Dual-energy
X-ray absorptiometry) ရိုက်ကြည့်ရတယ်။
DEXA ဆိုတာ ဓာတ်ရောင်ခြည် X-ray နဲ့ အရိုး သိပ်သည်းဆ စမ်းတဲ့နည်း ဖြစ်ပါတယ်။ အရိုးပွရောဂါ ရှာဖွေဖို့ DEXA နည်းကို
အများဆုံး အသုံးပြုကြတယ်။ နောက်ပြီး ဖနောင့်ကို အာထရာဆောင်း ရိုက်ပြီး အရိုး သိပ်သည်းဆ စမ်းသပ် စစ်ဆေးနိုင်တယ်။ အရိုးပွရောဂါ ကုတဲ့အခါ
Bisphosphonates ဆေးဝါးတွေကို
အဓိက အသုံးပြုကြတယ်။
Alendronate (Fosamax)၊ Risedronate (Actonel)၊ Ibandronate (Boniva)၊ Zoledronic Acid (Reclast)
တွေက အသုံးအများဆုံး ဖြစ်ပါတယ်။ အမျိုးသမီး
သွေးဆုံးရာက အရိုးပွသူတွေမှာ အီစတိုဂျင် ဟော်မုန်းလဲ ပေးတယ်။ ဟော်မုန်းဆေးတိုင်း ဘေးထွက်ဆိုးကျိုး ရှိလို့ဂရုစိုက်ရမယ်။ အဲဒီနေရာမှာ ဟော်မုန်းနဲ့ ဆင်တူတဲ့ အရိုးပွပျောက်ဆေး Raloxifene ကို အသုံးပြုကြတယ်။
နောက်ပေါ်ဆေး ထဲမှာ အရိုးပွ၊ အရိုးကျိုး ခြင်းကို
ကာကွယ်နိုင်တဲ့ Denosumab ဆေးက နာမည်ကြီးတယ်။ အားသာချက်က ကျောက်ကပ် မကောင်းသူ တွေမှာလဲ သုံးစွဲနိုင်တယ်။ အရိုးပွရောဂါ အလွန်အကျွံ ဆိုးသူတွေမှာ Teriparatide ကို ပေးနိုင်တယ်။ အရိုးဆဲလ်သစ်တွေ အလျင်
အမြန် ပြန်ဖြစ်နိုင်ပါတယ်။ သွေးတွင်း ကယ်လ်စီယမ်ဓာတ် ပိုလျှံနိုင်တယ်။ အရိုးပွရောဂါ အတွက် နောက်ဆုံးပေါ်
ဆေးဝါးက Abaloparatide ဖြစ်တယ်။
Teriparatide နဲ့ အာနိသင်တူပြီး သွေးတွင်း
ကယ်လ်စီယမ်ကို ထိန်းသိမ်းပေး နိုင်တယ်။
Bisphosphonates နဲ့ ဘေးထွက်ဆိုးကျိုးက ရင်ပူတာ၊ အစာအိမ်နာတာ ဖြစ်တတ်တယ်။ ဘေးထွက် လျော့နည်းစေဖို့ Bisphosphonates သောက်တဲ့အခါ အစာမရှိခင် ရေများများနဲ့ သောက်ရမယ်။ ဆေးက အစာမျိုပြွန်အထက် ဆန်တက်တာ မရှိအောင် ဆေးသောက်ပြီး တစ်နာရီအတွင်း လှဲအိပ်တာ၊ အစား စားတာမျိုးမလုပ်ဖို့ ကြိုတင်သတိပေး ရတယ်။ ယေဘုယျ ၁၀ နှစ်ထိစိတ်ချ လက်ချ သောက်နိုင်တယ်။ Bisphosphonates ရဲ့ အားသာချက်က ဆေးရပ်ပြီးရင်တောင် အရိုးတွင်းမှာ ဆေးအာနိသင် ကျန်နေနိုင်တာ ဖြစ်ပါတယ်။
သောက်ဆေးသောက်ဖို့ အဆင်မပြေတဲ့အခါ Zoledronic Acid (တစ်နှစ်တစ်ကြိမ်) နဲ့ Ibandronate (သုံးလတစ်ကြိမ်) ဆေးကို
IV လိုင်းအကြောတွင်း ထိုးထည့်ပြီး သုံးနိုင်ပါတယ်။
အမျိုးသား၊အမျိုးသမီးတိုင်း အသက် ၁၈ နှစ်နဲ့ အသက် ၅၀ ကြားအရွယ်တွေမှာ ကယ်လ်စီယမ် 1000 mg လောက်
နေ့စဉ် လိုအပ်ပါတယ်။ အသက် ၅၀ ကျော် အမျိုးသမီး တစ်ယောက်ဟာ ကယ်လ်စီယမ် 1200 mg လောက်ထိ လိုအပ်ပါတယ်။ ကယ်လ်စီယမ် များအောင် နို့နဲ့နို့ထွက်ပစ်္စည်း၊
စိမ်းတဲ့အရွက်၊ ဆော်လမွန်ငါး၊ တူနာငါး၊ တိုဟူး၊ အစေ့အဆန် စတာတွေ နေ့စဉ် စားပေးသင့်တယ်။ ရိုးရိုးနွားနို့ တစ်ခွက်မှာ ကယ်လ်စီယမ် 300 mg လောက်ပါတယ်။ ဒါကြောင့် တစ်ရက်ကို နွားနို့နှစ်ခွက်ကနေ သုံးခွက်ထိ သောက်ပါ။ မနက်စာ စားတဲ့အခါ အုပ်ဂျုံထည့်စားပါ။ တကယ်လို့ အစားအသောက်က ကယ်လ်စီယမ် မလုံလောက်ရင် Calcium ဆေးဝါးတွေ မှီဝဲသင့်တယ်။
Vitamin D က ကယ်လ်စီယမ် စုပ်ယူမှုကို အားပေးနိုင်တယ်။
ကယ်လ်စီယမ် ဖြည့်စွက်ဆေးထဲမှာ Vitamin D ထည့်သောက်ခြင်းဟာ Calcium ရဲ့ စုပ်ယူမှုကို ၃၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းထိ ကောင်းစေတယ်။ နေ့စဉ် vitamin D 600-800 IU လောက် လိုအပ်ပါတယ်။ ဗီတာမင်ဒီကို နေရောင်ကနေလဲ ဖွဲ့စည်းရရှိနိုင် ပါတယ်။
အရိုးပွရောဂါရသူတွေဘာစားသင့်လဲ ယေဘုယျ ကယ်လ်စီယမ် နဲ့ မဂ်္ဂနီစီယမ်ဓာတ် ကြွယ်ဝတဲ့ ပဲသီး၊ ပဲတောင့်ရှည်၊ ပဲအမျိုးမျိုး စားသင့်တယ်။ သတိပြုရမှာက ပဲသီးမှာ Phytates ဆိုတဲ့ ဓာတ်တစ်မျိုးပါပြီး အဲဒီဓာတ်က ကယ်လ်စီယမ် စုပ်ယူမှု ကို ဟန့်တားနိုင်တယ်။ ဒါကြောင့် Phytates ဓာတ်ကို လျှော့ချဖို့ ပဲသီးကို ရေထဲမှာ နာရီပေါင်းများစွာ စိမ်ပြီးမှ ချက်စားသင့် ပါတယ်။ နောက်တစ်ချက်က အသား၊ ငါး များများ စားပေးသင့်တယ်။
ပဲနို့၊ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ပေါင်မုန့်၊ အစေ့အဆန်၊ ပင်လယ်စာ စတာတွေစားပါ။ အရိုးပွသူကို စိမ်းတဲ့အရွက်တွေ အလွန်
အကျွံ စားခိုင်းတာမျိုး သတိပြုပါ။ ဟင်းနုနယ်၊ ပန်းမုန်လာစိမ်း စတာတွေက Oxalate ဓာတ်များတဲ့ အတွက်
ကယ်လ်စီယမ် စုပ်ယူမှုကို တားဆီးနိုင်တယ်။
ဒါကြောင့် စိမ်းတဲ့ အရွက်တွေ အလွန်အကျွံ မစားပါနဲ့။
အရက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ အငန် စတာတွေက
ကယ်စီယမ် စုပ်ယူမှုကို တားဆီးတာကြောင့် အရိုးပွလွယ်၊ ကျိုးလွယ်ဖြစ် နိုင်တယ်။ အရိုးပွရောဂါ ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ပါ။ လမ်းလျှောက်၊ ကြိုးခုန်တာကလဲ အရိုးတွေကို ကျန်းမာသန်စွမ်း စေတယ်။ စက်ဘီးစီးတာ၊ ရေကူးတာဟာ
နှလုံး ကျန်းမာရေး အတွက် ကောင်းပေမယ့် အရိုး
အတွက်တော့ အကျိုး သက်ရောက်မှု နည်းပါတယ်။
(Crd: ဒေါက်တာ အေးမင်းထူး)
No comments:
Post a Comment