စားသင့်သောမှိုများမှာ မြက်ကြားမှို၊ တောင်ပို့မှို (ခြေတို၊ ခြေရှည်)ဟူ၍ နှစ်မျိုးရှိ၏။ ဖက်ဆွတ်မှို (အချို့အရပ်ဒေသ၌ မှိုဖြူဟုခေါ်သည်။) မှိုဦးနက် (မှို၏ထိပ်အလယ်၌ နက်သော အကွက်ရှိသည်။) ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုကြက်တောင်၊ ဆန်ကွဲမှို၊ ကောက်ရိုးမှို၊ ဝါးမှို၊ အပ်မှိုတို့ဖြစ်ကြ၏။
အစာလည်းဆေး စားသင့်သောမှိုကို သိ၍ စားသုံးတတ်လျှင် လူတို့၏ ကျန်းမာရေးအတွက် များစွာအကျိုးပြုသည်ကို တွေ့ရ၏။
(၁) မှိုကို ချက်စားလျှင် ရင်ကျပ်ပန်းနာရောဂါကို ပျောက်ကင်းစေသည်။
(၂) ဉာဏ်ရည်ထိုင်းသော ကလေးများအား မှိုကို မကြာခဏ ကျွေးပေးလျှင် ဉာဏ်ရည်ပိုမို ထက်မြက်လာစေပါသည်။
(၃) အသက်အရွယ်ကြီးသူများ သတိမေ့လျော့တတ်သော (ငယ်မူပြန်) ရောဂါအတွက်လည်း မှိုကို မိမိ ကြိုက်နှစ်သက်သလို ချက်စားလျှင် အာရုံကြောများ အားကောင်းလာပြီး
မှတ်ဉာဏ် ထက်မြက်လာစေသည်။
(၄) သွေးအားနည်း၊ ကိုယ်ခံအားကျ ရောဂါသည်များ အတွက်လည်း မှိုကို အသားငါးများနှင့် ရောနှောချက်ပြုတ် စားသောက်ပေးပါက လျင်မြန်စွာ အင်အားတိုးစေပါသည်။
(၅) မှိုကို ဘူးသီး၊ အာလူးတို့နှင့် စွပ်ပြုတ်သဘောပြုလုပ်၍ သောက်ပေးပါက အသားအရေ ခန်းခြောက်ခြင်း၊ အသားအရေပူခြင်း၊ ပိန်လှီချည့်နဲ့ နေသူများ သက်သာပျောက်ကင်းစေသည်။
(၆) မြန်မာတိုင်းရင်းဆေးဆရာတို့က ပိတောက်မှိုဟုခေါ်ပြီး တရုတ်တိုင်းရင်း ဆေးဆရာတို့က လင်ဇီးမှို ဟုခေါ်သည့်မှိုကို နှလုံးရောဂါ ပျောက်ဆေး၊ အရွယ်တင်နုပျိုစေသော
ရသာယန ဆေးတို့၌ အသုံးပြုကြပါသည်။
အလွန်ထက်သော မှိုမျိုးဖြစ်သည်။
(၇) မှိုဦးနက်သည် ဦးခေါင်းကိုက်ခဲသော
ရောဂါကိုပျောက်စေ၏။ အားကို တိုးပွားစေ၏။
အားနည်းသော နာတာရှည် ရောဂါတို့နှင့် သင့်မြတ်၏။
(၈) မှိုကြွက်နားရွက်သည် လေကိုသက်စေတတ်၏။
သွေး၊ သည်းခြေကြောင့် ဖြစ်သော ရောဂါတို့ကို ပျောက်ကင်းစေ၏။
မှိုမစားသင့်သောသူများ- (၁) မီးဖွားပြီးစ
သွေးဟောင်းများ ဆင်းရမည့် အချိန်တွင် တက်စာဖြစ်သော မှိုကိုမစားသင့်ပေ။ ”မှိုတစ်နှစ်၊ မျှစ် ခြောက်လ၊ မစားရ”ဟု ရှေးသမားတော်ကြီးများက မိန့်ဆိုထားခဲ့သည်။
(၂) ခြေအေး၍ အထက်သို့ အခိုးဆောင့်တက်နေသော
နှာပိတ်၊ နှာမွှန်၊ မျက်စိရောဂါ၊ ဦးခေါင်းကိုက်ခဲသော ရောဂါ၊ အဖောအရောင် ရောဂါရှိသူများ၊ ခေါင်းဦးရေကျိန်းရောဂါ၊ သွေးရှိလျက် သွေးမဆင်းဘဲ ထိန်နေသူများ၊ သူငယ်နာ
ရှိသူများ၊ ဆီးချုပ်သူများ မစားသင့်ပေ။ သွေးတိုး၊
ဆီးချိုရောဂါ ရှိသူများ သင့်ရုံသာ စားသင့်သည်။
မစားသင့်သောမှိုများ –
(၁) မှိုကိုတွေ့သောအခါ မှိုတစ်ပွင့်လုံးကို
လက်ဖြင့်ခြေမွှကြည့်ပါ။ အနီရောင်
အရည်များ ထွက်လာလျှင် ထိုမှိုသည်
အဆိပ်ရှိ၍ မစားသင့်ပါ။
(၂) မှိုအရိုးကို ဓားဖြင့် လှီးဖြတ်ကြည့်ပါ။ ထိုသို့ဖြတ်၍ ညိုပြာလာလျှင် ထိုမှိုမျိုးကို မစားသင့်ပါ။
(၃) မှိုပေါ်တွင် ဆားအနည်းငယ် ဖြူးကြည့်၍
ညိုမည်းလာလျှင် ထိုမှိုကို မစားသင့်ပါ။
(၄) မှိုကို ရေတွင်စိမ်ကြည့်ပါ။ မှို၏ အရောင်အသွေးသည် ညိုလာခြင်း၊ ပြာလာခြင်း၊ နက်လာခြင်း
ဖြစ်ခဲ့သော် ထိုမှိုကိုမစားသင့်ပေ။
(၅) မှိုသည် သန့်ရှင်းစွာ မဟုတ်ဘဲ မှိုအရင်း၌ ခြေချင်းကဲ့သို့ ပတ်ခွေလျက် ပေါက်ရောက်သော မှိုကို မစားသင့်ပါ။
(၆) မှို၏အောက်ခြေ၌ ကွန်ချာကဲ့သို့ ဖြစ်နေလျှင်
မှိုကွန်ချာဖြစ်၍ မစားကောင်းပါ။
၎င်းအပြင် အရောင်အသွေး များစွာရှိသော
မှိုတို့ကိုလည်း မစားကောင်းဟူ၍ တိုင်းရင်းဆေး
ကျမ်းများ၌ ရေးသားဖော်ပြထားပါသည်။
အဆိပ်ရှိသော မှိုကို မှားယွင်းစားမိလျှင် မူးခြင်း၊
တံတွေးများခြင်း၊ အော့အန်ခြင်း၊ ဆီးချုပ်သွားခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ တက်ခြင်း၊ ချွေးစေးများထွက်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ သေဆုံးခြင်းတို့ ဖြစ်တတ်သည်။
မှိုနှင့်တွဲဖက် မစားသင့်သော အစားအစာများ –
မှိုနှင့်ကြက်ဥ၊ မှိုနှင့်ခံသီး၊ မှိုနှင့်ငှက်ပျောသီး၊ မှိုနှင့်ယုန်သား၊ မှိုနှင့်ကြက်ဟင်းခါးသီး၊ မှိုနှင့်နို့အမျိုးမျိုး၊ မှိုနှင့်ဖောင်စီးကဏန်းတို့ ဖြစ်ကြသည်။ အစာစားပြီးခါစ မှိုတောက်သည်ဟု သိသည်နှင့် အန်ဆေးတိုက်ရပါမည်။ ကြာပြီးမှသိလျှင် ကန်စွန်းရွက်ကို ကြိတ်ညှစ်၍ သတ္တုရည် တိုက်ပေးခြင်း၊ ကန်စွန်းရွက်နှင့် ထန်းလျက်ကို သုံးခွက်တစ်ခွက် တင်ကျို၍ မကြာခဏတိုက်ခြင်း၊ မှိုကို ကန်စွန်းရွက်နှင့် ကြော်စား၊ ချက်စား ပြုလုပ်ပေးလျှင် သက်သာပျောက်ကင်း စေပါသည်။

No comments:
Post a Comment