Tuesday, July 7, 2020

ဂျင်း & နနွင်း

ဒီရက်ပိုင်းအတွင်း ဂျင်းနက်နဲ့နနွင်းနက်က အတူတူပဲလားဆိုတဲ့မေးခွန်းတွေ ကျွန်တော့်ကို မကြာခဏမေးမြန်းလာကြပါတယ်။ ဂျင်းနက်နဲ့ နနွင်းနက်က မတူပါဘူး။ ဒီနှစ်ခုရဲ့ကွဲလွဲချက်တွေကို အများပြည်သူတွေ သိစေဖို့အတွက် တင်ပြလိုက်ပါတယ်။ 

အမည်အမျိုးမျိုး (Naming) 
==================
ဂျင်းနက် (ခ) ချင်းနက် 
အင်္ဂလိပ်အမည် - Black Ginger 
မျိုးရင်း (Family) – Zingiberaceae 
ရုက္ခဗေဒအမည် (Botanical Name) – 𝐾𝑎𝑒𝑚𝑝𝑓𝑒𝑟𝑖𝑎 𝑝𝑎𝑟𝑣𝑖𝑓𝑙𝑜𝑟𝑎 Wall.ex Baker 
နနွင်းနက် (ခ) 
ဆနွင်းနက် (ခ) ဆနွင်းတိမ်ပြာ (ခ) ဂမုန်းတိမ်ပြာ အင်္ဂလိပ်အမည် - Black Turmeric 
မျိုးရင်း (Family) – Zingiberaceae 
ရုက္ခဗေဒအမည် (Botanical Name) – 𝐶𝑢𝑟𝑐𝑢𝑚𝑎 𝑐𝑎𝑒𝑠𝑖𝑎 Roxb. ဂျင်းနက်နဲ့ နနွင်းနက်တို့ရဲ့ မျိုးရင်း (Family) ဟာ တူတာကြောင့် သူတို့နှစ်မျိုးစလုံးရဲ့ သွင်ပြင်လက္ခဏာတွေက အတော်လေးဆင်တူနေတာကို တွေ့ရတာဖြစ်ပါတယ်။

 ပြင်ပရုပ်သွင်လက္ခဏာများ 
(Morphological characters)
 ================== 
ဂျင်းနက်ရဲ့ ထင်ရှားတဲ့လက္ခဏာတွေကတော့ အမြစ်ဥကိုခွဲကြည့်ရင် အမဲရောင် (သို့) ခရမ်းရောင်ရင့်ရင့် (သို့) မဲနက်ရောင်ရင့်ကို တွေ့ရမှာဖြစ်ပါတယ်။ အရွက်ပြား ဘေးပတ်ပတ်လည်မှာ ခရမ်းဖျော့ရောင် ရှိပါတယ်။ ပွင့်ချပ်ပတ်ပတ်လည်ဟာ အဖြူရောင်ရှိပြီး အတွင်းပိုင်းဟာ ခရမ်းရင့်ရောင်ရှိတာကို တွေ့ရပါတယ်။

နနွင်းနက်နဲ့ ဂျင်းနက်နဲ့ အဓိကမတူတဲ့အချက်က ပုံမှာမြင်တွေ့ရသလိုပဲ နနွင်းနက်ရဲ့အမြစ်ဥဟာ အတွင်းသားပြာပြီး မီးခိုးရောင်အနည်းငယ်ရှိပါတယ်။ နနွင်းနက်ရဲ့အရွက်မှာ ခရမ်းရင့်ရောင် အလယ်ကြောမျဉ်းရှိပါတယ်။ 

ပွင့်ချပ်ပတ်ပတ်လည်ဟာ အဝါရောင်ရှိပြီး အတွင်းပိုင်းမှာ နီညိုရောင်သန်းတာကို တွေ့ရပါတယ်။ 
နနွင်းနက်ကို အင်္ဂလိပ်လို Black Turmeric လို့ခေါ်ပေမဲ့ အမှန်တော့ သူ့ရဲ့အတွင်းသားဟာ အမဲရောင် မဟုတ်ဘဲ အပြာရောင် ဖြစ်တာကို တွေ့ရပါတယ်။ 

ဒါ့ကြောင့် နနွင်းနက် လို့ခေါ်မဲ့အစား နနွင်းတိမ်ပြာ (သို့) ဆနွင်းတိမ်ပြာ (သို့) ဂမုန်းတိမ်ပြာ လို့ခေါ်တာ ပိုပြီးသင့်တော်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။

 ဆေးဖက်ဝင်အစိတ်ပိုင်း 
(Medicinal Part) 
================ 
ဂျင်းနက်နဲ့ နနွင်းနက်တို့ရဲ့ ဆေးဖက်ဝင်အစိတ်အပိုင်းက အမြစ်ဥ (Rhizome) ဖြစ်ပါတယ်။ ဆေးဖက်ဝင်ဓာတ်ပစ္စည်းများ 

(Medicinal Constituents) 
=================== 
ဆေးဖက်ဝင်အာနိသင်ပေးတဲ့ အဓိကပါဝင်တဲ့ဓာတ်ပစ္စည်းကတော့ ဂျင်းနက်မှာ 5,7-dimethoxyflavone ဖြစ်ပြီး နနွင်းနက်မှာတော့ Curcuminoids, Camphor, Turmerone, 
Curcumene တို့ဖြစ်ပါတယ်။ 

အကျိုးအာနိသင်များ (Effects) 
====================== ပါဝင်တဲ့ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေ မတူညီတာကြောင့် ရရှိနိုင်တဲ့အကျိုးအာနိသင်တွေလည်း ကွဲပြားပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဂျင်းနက်ရဲ့အကျိုးအာနိသင်တွေကတော့ 
(၁) ကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့အာနိသင် 
(Anti-cancer effect) 
(၂) ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အာနိသင်
 (Anti-inflammatory effect) 
(၃) ခန္ဓာကိုယ်မှအဆီများကျစေတဲ့အာနိသင် 
(Antiobesity effect) 
(၄) အလာဂျီတွေကိုသက်သာစေတဲ့အာနိသင် 
(Anti-allergic effect) 
(၅) ကျန်းမာနုပျိုကာခွန်အားတိုးစေခြင်း 
(Rejuvenate and promote vitality) 
(၆) ဦးနှောက်နဲ့အာရုံကြောများကျန်းမာစေခြင်း (Neuroprotective effect) တို့ဖြစ်ပါတယ်။ 

နနွင်းနက်ရဲ့အကျိုးအာနိသင်တွေကတော့ 
(၁) အကိုက်အခဲသက်သာစေခြင်း (Analgesic) 
(၂) လေပြွန်ကျယ်စေခြင်း (Bronchodilation) 
(၃) ပျို့အန်ခြင်းကိုသက်သာစေခြင်း (Antiemetic) 
(၄) သန်ကောင်အစရှိတဲ့ကပ်ပါးပိုးများကို 
နှိမ်နင်းနိုင်ခြင်း (Anthelmintic) 
(၅) ဘက်တီးရီးယားပိုးမွှားများကို 
နှိမ်နင်းနိုင်ခြင်း (Antibacterial)
 (၆) ရောင်ရမ်းခြင်းကိုသက်သာစေခြင်း 
(Anti-inflammatory) တို့ဖြစ်ပါတယ်။ 

နိုင်ငံတကာသုတေသနစာတမ်းတွေအရ တစ်နေ့ကို ဂျင်းနက်အမြစ်အမှုန့် ၁.၃၅ ဂရမ်အထိ နေ့တိုင်းအသုံးပြုနိုင်တယ်လို့ 
ဖော်ပြထားတာ တွေ့ရပါတယ်။ 

နနွင်းနက်နဲ့ပတ်သက်ပြီး သုတေသနစာတမ်းအချို့ 
တွေ့ရပေမဲ့ တစ်နေ့တာသောက်သုံးရမယ့်ပမာဏတော့ ရေးသားဖော်ပြထားတာ မတွေ့ရသေးပါဘူး။ 
ဂျင်းနက်ကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ရိုးရာတိုင်းရင်းဆေးပညာတွေမှာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ 

ဂျင်းနက်ရဲ့အာနိသင်ကို နိုင်ငံတကာမှာ လူတွေနဲ့ သုတေသနများစွာ Human trial ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ နနွင်းနက်ကိုတော့ အိန္ဒိယနိုင်ငံမှာ တိရစ္ဆာန်တွေနဲ့ သုတေသနပြုလုပ်ထားတာကို တွေ့ရှိရပါတယ်။ နိုင်ငံတကာဈေးကွက်မှာလည်း ဂျင်းနက်
ထုတ်ကုန်တွေကိုပဲ တွေ့ရပြီး နနွင်းနက်နဲ့
ပတ်သက်တဲ့ ထုတ်ကုန်တွေကို 
မတွေ့ရသေးပါဘူး။ 

ကျွန်တော်တို့ FAME အနေနဲ့ ကိုယ်ပိုင်အော်ဂဲနစ်စိုက်ခင်းကနေ ထွက်ရှိတဲ့ ဂျင်းနက်ကနေ ဆေးထုတ်လုပ်ထားတာဖြစ်ပါတယ်။ နနွင်းနက်ကိုတော့ မထုတ်ပါဘူး။ အခုလောက်ဆိုရင် ဂျင်းနက်နဲ့ နနွင်းနက် လုံးဝမတူတဲ့အကြောင်းကို သိလောက်ပြီလို့ထင်ပါတယ်။ ဂျင်းနက်၊ နနွင်းနက်တို့နဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာဖတ်ရှုလိုသူများအတွက် ကျမ်းကိုး
စာရင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 
Dr. Khin Maung Lwin -
 FAME References of Black Ginger

No comments:

Post a Comment